ပွင့်ဖြူ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းအား ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ နိုင်ငံတော်မှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ပြီဖြစ်ရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင်နှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ စာသင်ကျောင်းဆောင်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူအိပ်ဆောင် စီစဉ်ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင်က ကျောင်းဖွင့်လှစ်မည့် အခြေအနေနှင့် ပတ်သက်ပြီး ကျောင်းအပ်လက်ခံမည့်ကိစ္စရပ်များ၊ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေး သတ်မှတ်ထားသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ အလေးထားဆောင်ရွက်ရေး ဆွေးနွေးမှာကြားကာ ကျောင်းဝန်းကျင်လုံခြုံရေးကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ယခုလ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရကာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အလျား ၁၇၃ ပေ၊ အနံ ၃၂ ပေရှိ အာရ်စီနှစ်ထပ် ကျောင်းသား အိပ်ဆောင်တစ်လုံး ထပ်မံဆောက်လုပ်ထားရှိကြောင်း အဆိုပါ မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)