ဘားအံ ဇန်နဝါရီ ၈
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၏ သင်တန်း သူ (၂၀၀)ဦးဆံ့ (၁၇၉ ပေ x ၃၆ ပေ) RCC (၄)ထပ် အိပ်ဆောင်တစ်ဆောင် ဆောက်လုပ်ခြင်း ပန္နတင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါ အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။
ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးနှင့် ဘားအံပညာရေး ဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်မြင့်လှိုင်တို့က မင်္ဂလာပန္နတင်ရန် နေရာယူကြပြီး မင်္ဂလာအချိန်တွင် တစ်ပြိုင်နက် ပန္နက် ရိုက်ခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
အဆိုပါအိပ်ဆောင်ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်တွင် အဆောက်အဦ၏ ၂၅ ရာခိုင်နှုန်းကို ပြည်ထောင်စုရန်ပုံငွေကျပ် ၂၆၁ ဒသမ ၅၂၄ သန်းဖြင့် လုပ်ငန်း စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းတစ်ခုလုံး၏ တန်ဘိုးမှာ ၁၀၂၉ ဒသမ ၆၀ သန်းဖြစ်ကာ မြန်မာတိုးတက်ချမ်းသာကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက အဆောက်အဦ တည်ဆောက်ရေး ရှင်းလင်းဆောင်၌ တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ဘားအံမြို့နယ်၊ လှာကာကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ နံနက် ၁၁ နာရီခန့်က ကျင်းပ ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များက ကျုံမသွယ် ကျေးရွာအုပ်စုမှ ဒေသခံတိုင်းရင်းသားပြည်သူ ၆၆ ဦးအား ပလက်စတစ်လောင်းပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက် ကာလအတွင်း ပြည်သူဦးရေ ၃၂၀၁၂ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရန် လျာထားခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ရန် ထပ်မံကျန်ရှိသူများနှင့် အသက်ပြည့်မီ လာမည့်သူများအား ပန်းခင်း စီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)