မင်းဘူး(စကု)မြို့နယ် ကုန်းသာကျေးရွာ၌ ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

မင်းဘူး ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကုန်းသာကျေးရွာ၊ ရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်း လုပ်ငန်းအား ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဖွင့်ပွဲကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းဖွင့်ပွဲတွင် မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လတာကာလ၌ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP) ဖြင့် မင်းဘူး(စကု) မြို့နယ်အတွင်းရှိ ကုန်းသာကျေးရွာ၊ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း မိမိဒေသ မိမိကျေးရွာ ဖြစ်သည်နှင့်အညီ လမ်းများရေရှည် တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမှာဖြစ်ကြောင်း၊ မိုးတွင်းကာလများတွင်လည်း လမ်းဘေး ဝဲယာနှစ်ဖက်တွင် ရေစီးရေလာ ကောင်းမွန်ရေးတို့ကို ဂရုစိုက် ဖောက်လုပ်ကြရမှာ ဖြစ်ကြောင်းနှင့် ကျေးရွာများတွင် လျှပ်စစ်မီးရရှိရေး၊ ရွာတွင်းလမ်းအဆင့်မြှင့်တင်ရေး၊ ရေရရှိရေးတို့ကို လိုအပ်ချက်များ ရှိလာပါက မြို့နယ် ကျေးလက်ဦးစီး ဌာနများနှင့် ဆက်သွယ် အကြောင်းကြား တင်ပြရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်ကိုကို၊ ကုန်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းနိုင်တို့မှ အသီးသီး အမှာစကားပြောကြားခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ခဲ့သည့် ကုန်းသာကျေးရွာ၊ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို နိုင်ငံတော်မတည်ငွေ ကျပ်သိန်း ၁၀၀ နှင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ ထည့်ဝင်ငွေ ကျပ်သိန်း ၃၀ တို့ဖြင့် အရှည်ပေ ၇၃၆ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရွာဦးဘုန်းတောကြီးကျောင်းသို့ သွားသောလမ်းဖြစ်၍ ဦးစားပေး ခင်းခဲ့တာဖြစ်ကြောင်း ဒေသဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဦးချစ်ဦးလွင်ထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)