ပွင့်ဖြူမြို့နယ် ဆင်စုကျေးရွာတွင် ဒသမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေး

ပွင့်ဖြူ      ဇန်နဝါရီ      

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ခြုံကျေးရွာအုပ်စု၊ ဆင်စုကျေးရွာရှိ ဒေသခံကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက ဒသမအကြိမ်မြောက် မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေးရာ၌ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် စီမံကိန်း၏ မူဘောင်အတိုင်း စနစ်တကျလုပ်ကိုင် ဆောင်ရွက် သွားကြရန်၊ ငွေကြေးသုံးရာတွင် လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် အကျိုးရှိရှိသုံးစွဲကြရန်နှင့် စီမံကိန်း ငွေစာရင်း ဇယားများကိုလည်း မှန်ကန်စွာ စနစ်တကျ ဖြည့်သွင်းဆောင်ရွက်ထားရှိရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်းဝင် အသင်းသားများက စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လိုသည့် မိသားစု ဝင်ငွေတိုးလုပ်ငန်းများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပေးကာ စီမံကိန်းအသင်းသားဦးရေ ၁၆၄ ဦးအတွက် ဒသမ အကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၅၁ သန်းအား စနစ်တကျ ထုတ်ချေးပေးခဲ့ကြ ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)