နတ်မောက် ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လဲဘူးကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိ သေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက်ပိုင်းက လဲဘူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ ကျား(၄၄)ဦး၊ မ(၄၇)ဦး၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ ကျား(၃)ဦး၊ မ(၈)ဦး၊ စုစုပေါင်း (၁၀၂)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ လဲဘူးကျေးရွာကို ယခုလိုမြို့နယ်မှ နိုင်ငံသားစိစစ်ရေးကတ်များ လာရောက် လုပ်ဆောင်ပေးတဲ့အတွက် အချိန်ကုန် သက်သာလို့ မြို့ကို သွားရောက် လုပ်ဆောင်စရာ မလိုသည့်အတွက် ခရီးစရိတ်လည်း ကုန်ကျမှုမရှိတာကြောင့် အထူးပင်ကျေးဇူးတင်ရှိပါတယ်” ဟု ကျေးရွာရှိ ပြည်သူတစ်ဦးမှ ပြောကြားခဲ့သည်။
နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄) ရှိပြီး ကျန်ရှိနေသည့် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်ထံ က သိရသည်။
သင်းသင်းမြတ်