ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

ပလောက်  ဇန်နဝါရီ  

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ပလောက်ဆေးတပ်ဖွဲ့မှ ဝန်ထမ်းများက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူပြည်သူများ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန် သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်)