ကမမောင်း ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ် ရောဂါဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများ ထံသို့ သွားရောက် မလည်ပတ်ကြရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးရှိသော နေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏ ဆေးရန်၊ လက်မဆေးဘဲပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသော အခန်း၌သာ နေထိုင်ရန်၊ ရောဂါကူးစပ်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်စသည့် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)