ပိုင်ကျုံ ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိရာ နို့ထိုခေး-ကွီးပညာရွာ ချင်းဆက်လမ်းအား ကတ္တရာ လမ်းခင်း ခြင်းလုပ်ငန်းကို နို၀င်ဘာလ ၁၀ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယမန်နေ့တွင် ရာနှုန်းပြည့် ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းသည် ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁)ရပ်ကွက် ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး အရှည် ၁ မိုင်၊ ၄ ဖာလုံရှိ မြေသားလမ်းအား ကတ္တရာလမ်းခင်းခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ ၆ လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၃၈၆.၉၈၆) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလမ်းခင်းခြင်းကို ဇွဲကပင်မေမေကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီ ပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ ပြီးစီးမှုကြောင့် ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံ ပြည်သူများ အနေဖြင့် ဥတုသုံးပါးလုံး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာ နိုင်သည့်အပြင် မြို့သာယာလှပ၍ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်ပြေလာပြီးဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)