ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ‌ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇော်ဟိန်း၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝကဦးစီးမှူး ဦးသိန်းလွင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၁၀)နာရီအချိန်က ကျောက်ဖြူတောင်ကျေးရွာနှင့် မကြီးကုန်းကျေးရွာ များသို့ သွားရောက်ပြီး ကျေးရွာအထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေ ရရှိရေး မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေအရွယ်ကလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး သတ်မှတ်ဆေးထိုး အကြိမ်ရေပြည့်မီအောင် ထိုးနှံကြရန်တို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ဋ္ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများမှ မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် လိုသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

နိုင်လင်း