ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးကျေးရွာအုပ်စု စက်ရေတွင်းတူးဖော်ပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဘိုကလေး ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ သောက်သုံးရေရှားပါးသည့် ရေငံဒေသ ချောင်းဗြဲကြီးကျေးရွာအုပ်စုအား စက်ရေတွင်းတူးဖော်နိုင်ရေးအတွက် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ (၂၀၂၁)ခုနှစ် ဒီဇင်ဘာ (၂၁)ရက်နေ့တွင် ကျေးရွာ တာဝန်ရှိသူများထံသို့ အလှူငွေ(၃၅)သိန်း ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာတာဝန်ရှိသူများအား အလှူငွေရရှိချိန်မှ စ၍ တစ်ပတ်အတွင်း စက်ရေတွင်းအား တူးဖော်နိုင်ခဲ့ပြီး တူးဖော်ပြီးစီးမှု အခြေအနေအား ယမန်နေ့ နေ့လယ်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံ ခရိုင်ရုံးအဖွဲ့နှင့် ဘိုကလေးမြို့နယ် ရုံးအဖွဲ့တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ချောင်းဗြဲကြီးကျေးရွာအုပ်စုသည် မိုးရာသီလွန်မြောက်ချိန်တွင် ချောင်းအတွင်းမှရေငံများအား အသုံးမပြုနိုင်ပဲ စက်ရေတွင်းမတူးဖော်ခင်က အဆိုပါ ဒေသသို့ သောက်သုံးရေကန်ရှိသည့် ဒေသများမှ သင်္ဘော၊ ထော်လာဂျီများဖြင့် ရာဝင်အိုး(၁)အိုးလျှင် ငွေကျပ်(၄)ထောင်နှုန်းဖြင့် လာရောက်ရောင်းချသည်ကို ငွေကြေးအဆင်ပြေသူများသာ ဝယ်ယူသုံးစွဲနိုင်ခဲ့ပြီး ငွေကြေး အဆင်မပြေသူများအတွက် သောက်သုံးရေ ဒုက္ခရောက်ခဲ့ကြရသည့် ဒေသဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။

ယခုအခါစက်ရေတွင်းအား ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာတွင် ရေချို အဆင့် ရရှိသည်အထိ တူးဖော်ခဲ့ကြောင်း၊ စက်ရေတွင်းတူးဖော်ရန် လှူဒါန်းခဲ့မှုကြောင့် ယခု အချိန်တွင် ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဒေသခံများအတွက် သောက်ရေ၊ သုံးရေဖူလုံမှု ရှိလာပြီ ဖြစ်သည့်အပြင် ကျွဲ၊ နွား၊ တိရိစ္ဆာန်များ အတွက်ပါ သောက်ရေ၊ သုံးရေ အဆင်ပြေခဲ့ပြီဖြစ် ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)