ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် သုဿာန်အဝင်လမ်း ကျောက်စီ ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း (၇၀)ရာခိုင်နှုန်းပြီးစီး

ရှမ်းရွာသစ် ဇန်နဝါရီ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ သုဿာန်အဝင်လမ်း ကျောက်စီရေမြောင်း အပိုင်း(၄) ပြုလုပ်ခြင်း လုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ မြို့သာယာလှပ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ် ၍ အရှည် (၇၅၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့်(၄)ပေရှိသော ကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၂၉၀၀၀၀၀၀/-)ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် (၇၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပါက ယခင်ကထက် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ပြီး မြို့သန့်ရှင်း သာယာလှပပြီး အမြင်အားဖြင့် တင့်တယ်သွားမည်ဖြစ်ကြောင်း၊ လမ်းနှင့် တံတားလုပ်ငန်းများကို လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး ထံမှ သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)