နောင်မွန်မြို့နယ်၌ တောင်သူများ၏ သီးနှံပင်အာဟာရဓာတ် ဖြည့်တင်းမှု အလေ့အထများအား စစ်တမ်းကောက်ယူ

နောင်မွန်  သြဂုတ် ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ တောင်သူများ၏ သီးနှံပင်အာဟာရဓာတ် ဖြည့်တင်းမှု အလေ့အထများအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ စစ်တမ်းကောက်ယူခဲ့သည်။

မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစကျော်သက်ထွေးနှင့် ဝန်ထမ်းများက နောင်မွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆)အုပ်စုရှိ ကျေးရွာ(၆)ရွာနှင့် မြို့ပေါ် ရပ်ကွက်(၅) ကွက်သို့ အုပ်စုများခွဲ၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။

ထိုသို့စစ်တမ်းကောက်ယူ၍ တောင်သူများ၏ သီးနှံပင်အာဟာရဓာတ် ဖြည့်တင်းမှု အလေ့အထများကို လေ့လာဆန်းစစ်ခြင်း၊ နည်းပညာပြန့်ပွားမှု၏ အကျိုးထိရောက်မှု အတိုင်းအတာကို အကဲခတ်နိုင်စေရန်နှင့် အဆိုပါ စစ်တမ်းကို (၃)နှစ်တစ်ကြိမ် ောက်ယူခြင်းဖြင့် တောင်သူများ နည်းပညာလက်ခံကျင့်သုံးမှု အတိုင်းအတာနှင့် ထပ်မံ ဖြည့်စွက်ပေးရမည့် နည်းပညာလိုအပ်ချက်များကို ပြင်ဆင်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး အချက်အလက်(၁၅)ချက်ဖြင့် မေးခွန်းများ မေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်သူများကလည်း ဓာတ်မြေသြဇာသုံးစွဲပါက အထွက်နှုန်းတိုးမြှင့်ခြင်းကို လက်ခံပါသော်လည်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများရှိခြင်း၊ ဝင်ငွေပုံမှန်မရှိ၍ ဝယ်ယူသုံးစွဲနိုင်မှု မရှိခြင်းတို့ကြောင့် သုံးစွဲခဲ့ခြင်းမရှိပါကြောင်း၊ ယခုအခါ စိုက်ပျိုးရေးဌာနက သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲနည်းများကို ပညာပေးဆောင်ရွက်ပေးခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးမှုများကြောင့် သဘာဝမြေသြဇာ၏ အကျိုးအာနိသင်များကို သိရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် သဘာဝမြေသြဇာ အသုံးပြုမှုကို စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

မြနန်း(ပြန်/ဆက်)