မြို့နယ်စည်ပင်သာယာရေးကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ      ဇန်နဝါရီ       ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မုန်းသီတာခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပွင့်ဖြူမြို့နယ်အတွင်း မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်မည့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်း နိုင်ရေးအတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေ ဆွေဝင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ကော်မတီအဖွဲ့ဝင် ရွေးချယ်မှုအဆင့် ဆင့်နှင့် ကော်မတီအဖွဲ့၏ လုပ်ငန်းတာဝန်များများကို ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် ဌာနဆိုင် ရာများနှင့် မြို့မိမြို့ဖများက မြို့နယ်စည်ပင်သာယာရေးကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်က တက်ရောက် လာသူများ၏ ဆွေးနွေးအကြံပြုချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။  

ရဲဝင်းနိုင်