ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပ

စစ်တွေ ဇန်နဝါရီ ၈

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် ကော်မတီအစည်းအဝေးကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်တွင် ဦးစားပေးဆောင်ရွက်ရမည့် အခြေအနများနှင့် အခြားအရေးကြီး အခြေအနေများ ကြောင့် ပုံမှန်ကျင်းပနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ယခုကဲ့သို့ အစည်းအဝေး ကျင်းပနေချိန်တွင် ရခိုင်ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်လာရေးနှင့် တည်ရှိ ပြီးဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်း ပေးကြရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များကို ဖိတ်ခေါ်ရန် အကောင်းဆုံးအခြေအနေဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိပြီး ပြည်နယ်အတွင်းမှာ အဓိကလိုအပ်ချက်များ ဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းနှင့် ဘိလပ်မြေထုတ်လုပ်မည့် လုပ်ငန်းရှင်များကို ဦးစားပေးပြီး ဖိတ်ခေါ် ဆောင်ရွက်သင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တစ်ပြေးညီဖြစ်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများကိုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် လုပ်ငန်းစဉ်များကို စနစ်တကျ စိစစ်နိုင်ရန်နှင့် လုပ်ငန်းရှင်များအတွက် ရှင်းလင်းစွာသိမြင်နိုင်စေရန် စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ (Standard  Operation Procedures-SOP) ကိုလည်း ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အညီရေးဆွဲထားရန်လိုအပ်ပါ ကြောင်း၊  လုပ်ထုံးလုပ်နည်းပိုင်းအရ ရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ထားရမည်ဖြစ်သကဲ့သို့ မြေပြင်တွင် ကြုံတွေ့ရမည့် အခက်အခဲများကိုလည်း ဝိုင်းဝန်းကူညီ ဖြေရှင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်နယ်၏ ဦးစားပေးမြှင့်တင်လိုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍများကို ဖော်ထုတ်ပြီး လက်တွေ့ကျသည့် လုပ်ငန်း ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံ မြှင့်တင်ရေးအစီအစဉ်များကို ရေးဆွဲဆောင်ရွက်ရန်နှင့် ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရ သည့် စီးပွားရေးလုပ်ငန်းများကို ကုစားပေးရန်၊ ပြန်လည်ထူထောင်လုပ်ကိုင် နိုင်စေရန်ကိုလည်း စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ပြီး ကော်မတီအဖွဲ့ဝင်များ အနေဖြင့်လည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒေါက်တာ ထူးမင်းသိမ်းက မာန်အောင်ရတနာ ကုမ္ပဏီလီမိတက်မှ တည်ဆောက်ရေး ကာလ သက်တမ်းတိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းအခြေအနေနှင့်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးမှုစီမံကိန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသော အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ကာ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)