ဘားအံ ဇန်နဝါရီ ၇
သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အဆင့်မြင့်မော်တာအပ်ချုပ်စက် သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီခန့်က လှာကမြင်ကွက်သစ်ရှိ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မော်တာအပ်ချုပ်စက် ပညာရပ်များကို စနစ်တကျသင်ကြားတတ်မြောက်ထားကြသည့် သင်တန်းသူများအနေဖြင့် မိသားစုအတွင်း လက်ဆင့်ကမ်းပညာအမွေပေးနိုင်ပြီး နိုင်ငံရပ်ခြားသို့ သွားရောက် လုပ်ကိုင်စားသောက်ရခြင်းမှ ကင်းဝေးကာ မိမိကိုယ်တိုင် ဆိုင်ဖွင့်ခြင်းဖြင့် ဝင်ငွေပိုမိုရရှိနိုင်၍ မိသားစုစားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် ပိုမိုပြည့်စုံအောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊လေ့ကျင့်တတ်မြောက်ထားသည့်ပညာဖြင့် မိမိဘဝ၊ မိသားစုဘဝ တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆောင်ရွက်ကြရန် ကိုယ့်အားကိုယ် ကိုးစိတ်ဓါတ်နှင့် ဖွံဖြိုးတိုးတက်လိုစိတ်များ မွေးမြူကြပြီး ကျေးလက်ဒေသဖွံဖြိုးရေး လုပ်ငန်းများ ကို တန်ဖိုးထားကြရန် အကျိုးရှိရှိအသုံးပြုကြရန်နှင့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင ့်ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်သွားကြ ရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယနေ့ကျင်းပသည့် အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲတွင် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ သင်တန်းသူ ၂၀ ဦးအား အတွေ့အကြုံရှိသင်တန်းနည်းပြများက ဒီဇင်ဘာလ ၄ ရက်နေ့မှ ဇန်နဝါရီလ ၇ ရက်နေ့ထိ ရက်သတ္တပတ်(၄)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပြသ ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား အပ်ချုပ်စက် တစ်လုံးစီကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်က သင်တန်းနည်းပြအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး သင်တန်းဆင်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းခန်းမအတွင်းရှိ သင်တန်းဆင်းသင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ် ထားသော အဝတ်အထည် ဒီဇိုင်းလက်ရာများကို ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ သည် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများ ဖြစ်ကြကြောင်း၊ လယ်ယာမြေကို အခြားနည်းပြောင်း၍ အသုံးပြုနေမှုအပေါ် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့်အညီ ထိန်းသိမ်းကြပ်မတ်ဖို့လိုကြောင်း၊ လောင်းကစားနှင့်မူးယစ်ဆေးဝါးကိစ္စရပ်များ တွင် ပါဝင်ပတ်သက်မှုမရှိစေရေးနှင့် ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှူးများက ရှာဖွေဖော်ထုတ်ဖမ်းဆီးပေးရမည်ဖြစ်ကြောင်း၊ ရပ်ရွာသန့်ရှင်းသာယာလှပ ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြဖို့လိုကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုကြောင်း၊ ကိုဗစ် ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် လူမကျန်စေရေး လိုက်လံဆော်ဩ ပေးဖို့လိုကြောင်း၊ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ထိထိရောက်ရောက်လုပ်ကိုင်ကြ စေလိုကြောင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်ထားဖို့လိုကြောင်း၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို အထူးအလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က ပန်းခင်းစီမံချက်နှင့်ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အုပ်ချုပ်ရေး မှူးများ၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး လင်းရေးနှင့် မြေယာကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာ စကား ပြောကြားသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၅ နာရီခန့် က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ယဉ်ကျေးမှုပြတိုက်လမ်းနှင့်ဇွဲကပင်လမ်းထောင့်တွင် ဈေးဆိုင် ခန်းများ တည်ဆောက် နိုင်ရေး စည်ပင်သာယာရေးအဖွဲ့မှ မြေနေရာရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူးသူရမြင့်သူက ဈေးဆိုင်ခန်းတည်ဆောက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ကန်သာယာပတ်လမ်း Steel Strucrure Decking ပြုလုပ်ခြင်း လုပ်ငန်း( ၇၀ ပေ x ၃၅ ပေ) ကိုလည်းကောင်း၊ ဘားအံမြို့၊ ပြည်နယ် ပြည်သူ့ဆေးရုံကြီးအနီးတွင်( ၉ပေ x ၁၅ ပေ)ရှိ ဈေးဆိုင်ခန်း(၁၁)ခန်း တည်ဆောက်မည့်မြေနေရာ တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ကျောက်ဖောက်တွင်း တူးစက်ဖြင့်စက်ရေတွင်း တူးဖော်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ ဘားအံမြို့ အမှတ်(၃) ရပ်ကွက်ကမ်းနားလမ်းရှိ မြို့မဘောလုံးအားကစားကွင်း အဆင့်မြင့်တင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)