ကဝမြို့ အခြေခံပညာကျောင်းများ၌ နှစ်ဝက်စာမေးပွဲများ နောက်ဆုံးနေ့ဖြေဆို

ကဝ ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အခြေခံကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပထမနှစ်ဝက် စာမေးပွဲများအား ဇန်နဝါရီလ(၅)ရက်နေ့မှ စတင်၍ကျင်းပခဲ့ရာ ယနေ့တွင် နောက်ဆုံးနေ့ စာမေးပွဲကို အခြေခံပညာ ကျောင်းများ၌ နံနက် (၉)နာရီမှစတင်၍ ကျင်းပခဲ့သည်။

အခြေခံပညာကျောင်းများ၌ Grade-4  မှ  Grade-11  အထိ ပထမနှစ်ဝက်စာမေးပွဲကို တစ်နေ့လျှင် (၂)ဘာသာနှုန်းဖြင့် ဖြေဆိုလျက်ရှိရာ ယနေ့နံနက်တွင် နောက်ဆုံးနေ့ ဘာသာရပ် ဖြစ်သည့် သမိုင်းဘာသာရပ်နှင့် သိပ္ပံဘာသာရပ်များအား စာသင်ဆောင်အခန်းများတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကဝမြို့နယ်တွင် အခြေခံပညာကျောင်း(၁၇၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၁၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၁)ကျောင်း စုစုပေါင်း(၁၈၈)ကျောင်း ဖွင့်လှစ်လျက်ရှိပြီး ပထမ နှစ်ဝက်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂၄၈၂)ဦး ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)