ကော့ကရိတ်မြို့၌ အကြိမ် (၃၀)မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ကော့ကရိတ်  ဇန်နဝါရီ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ အကြိမ် (၃၀)မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ မွန်းလွဲ ၁နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၆)ရပ်ကွက် ဇိနသုခလောကသရဖူစေတီတော်မြတ် သဟပုကာရီ သာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့် ပရိတ်သတ်အပေါင်းတို့က ဇေယျသိန္ဓိခရင်းကျောင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူ‌ဆောက်တည် ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက သာသနာရေးရာ လျှောက်ထားလွှာ ဖတ်ကြားလျှောက်ထားခဲ့သည်။ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းရာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူကျင်းပရာ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာအလှူရှင်များက ဆွမ်းဆန်၊ ဆီ၊ မုန့်၊ ဆပ်ပြာ၊ ဆေးဝါးများ၊ ခေါက်ဆွဲခြောက်၊ ခေါက်ဆွဲထုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံစသည့် အသုံးအဆောင်များကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

စောအောင်မျိုးလွင်