ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကိစ္စနှင့်ပတ်သက်ပြီး ကလေးငယ်(၇)ဦးအား မိဘများထံ ပြန်လည်အပ်နှံခြင်း အခမ်းအနား ကျင်းပ

အိမ်မဲ ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်(၈၇)ရပ်ကွက်၊ တွင်ဖြစ်ပွားခဲ့သော ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကိစ္စနှင့် ပတ်သက်သည့် ကလေးငယ် (၇)ဦး အား မိဘများထံပြန်လည်အပ်နှံခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန မှတိုင်းဦးစီးမှူး ဒေါ်နော်သာဝါး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးနော်ဝင်း၊ အိမ်မဲမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်တို့က ပြန်လည်ရောက်ရှိလာသော ကလေး သူငယ်များအား မိဘများမှ ကောင်းမွန်စွာ စောင့်ရှောက်သွားရန်၊ နိုင်ငံတော်မှ ချမှတ်ထားသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ မူဝါဒများကို အလေးထားလိုက်နာရန်၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေများနှင့်အညီ ရပ်ရွာများတွင်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ကြရန်၊ ကလေးသူငယ်များကို ပိုမိုကောင်းမွန်သော ဘဝ ဖန်တီးပေးရန်၊ ပြန်လည်ရောက်ရှိလာသော ကလေးသူငယ်များအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရန်၊  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးရန်၊ ခေါင်းပုံဖြတ်သည့် လုပ်ငန်းရှင်များ ဆီသို့ပြန်လည်ရောက်ရှိမှု မရှိစေရေး ပေါင်းစပ်ညှိနှိုင်းသွားရန်လိုကြောင်းကို ပြန်လည်ရောက်ရှိလာသည့် ကလေးသူငယ်များ၊ အုပ်ထိန်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့အားမှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါကလေးသူငယ်များမှာ ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကွန်တိုင်း ကျေးရွာအုပ်စုမှ ကလေးသူငယ် (၆)ဦး၊ ငပုတောမြို့နယ်မှ (၁)ဦးစုစုပေါင်း(၇)ဦးကို သက်ဆိုင်ရာအုပ်ထိန်းသူများထံသို့ ဝန်ခံကတိများဖြင့် လက်မှတ်များ ရေးထိုးပြီးပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)