သဲကုန်းမြို့နယ်ရှိ ဌာနဆိုင်ရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ဆောင်ရွက်ထားမှုရှိ/မရှိ လိုက်လံစစ်ဆေး

သဲကုန်း ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက သဲကုန်းမြို့ပေါ်ရှိ ဌာနဆိုင်ရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ဆောင်ရွက်ထားမှုရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ၌ ရုံးဌာနများတွင် မီးဘေးကြိုတင် ကာကွယ်ရေးစီမံချက် ရေးဆွဲထားခြင်း ရှိ/မရှိ၊ အဆောက်အဦးများ ဆောက်လုပ်ထားရှိမှု အခြေအနေများ၊ အရေးပေါ်မီးငြှိမ်းသတ်ရေး အတွက် မီးသတ်ပစ္စည်း ကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေများ၊ လျှပ်စစ်ပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေများ၊ မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ၊ မီးငြိမ်းသတ်ရေး အတွက် ရေရှိရေး ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရန်မျိုးအောင်မှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေးခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)