အောင်လံ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက် ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်၌ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကူးစက်မှုများ ရှိနေပြီဖြစ်သောကြောင့် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမခံစေရေး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျလိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင် သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု နှစ်ကြိမ်ပြည့်အောင် ထိုးနှံခြင်းကို အထူးဂရုပြု ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ အိုမီခရွန်အပါအဝင် မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ကာကွယ်ကြပါရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို အကြိမ်ပြည့်ထိုးနှံကြပါရန် တို့ကို နှိုးဆော်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)