ဆိပ်ဖြူ ဇန်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှ ဆောင်းဥစိုက် ကြက်သွန်နီများထွက်၍ ကုန်စည်ဒိုင်ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်သည်။
ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် မိသားစု စားဝတ်နေရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကာ ဒေသထွက်ကုန်အဖြစ် ကြက်သွန်နီဥစိုက်နှင့် အပင် စိုက်ပျိုးခြင်းကို အဓိကထားစိုက်ပျိုး လုပ်ကိုင်ကြပြီး လက်ရှိအချိန်တွင် ဥစိုက် ကြက်သွန်နီများ စတင်ထွက်၍ ဆိပ်ဖြူကုန်စည်ဒိုင်သို့ စတင်ဝင်ရောက်လျက်ရှိကြောင်း၊ ကြက်သွန်နီ ဥစိုက်ကို ကုန်းစိုက်ခင်းများ၊ ကိုင်းစိုက်ခင်းများတွင် သီတင်းကျွတ် လကုန်ပိုင်းနှင့် တန်ဆောင်မုန်း လဆန်းပိုင်းတို့တွင် စတင်စိုက်ပျိုးခဲ့ကြပြီး၊ နတ်တော်လတွင် စတင်တူးဖော်ကြကြောင်း၊ ကြက်သွန်နီ အပင်စိုက်ကို နတ်တော်လနှင့် ပြာသိုလများတွင် ချောင်းမြေများ၊ ကိုင်းမြေ၊ ကုန်းစိုက်ခင်းများ၌ စတင်စိုက်ပျိုးကြပြီး တပေါင်းလကုန်ပိုင်းနှင့် တန်ခူးလတို့တွင် တူးဖော်ကြရကြောင်း၊ ကြက်သွန်နီ အပင်စိုက်ကို နှစ်ပတ်လည် သိုလှောင်မှု ပြုလုပ်၍ အရောင်းအဝယ် ပြုလုပ်ကြောင်း၊ လက်ရှိပေါ်သော ဥစိုက်ကြက်သွန်နီများက တာရှည်သိုလောင်မှုအတွက် အဆင်မပြေကြောင်း လက်တလောစားသုံးရန်အတွက် ကြက်သွန်နီ အပင်စိုက်မပေါ်မီကာလ လတ်တလော စားသုံးရန်အတွက် တင်ပို့ရောင်းချ ရကြောင်း၊ လက်ရှိတွင် ကုန်စည်ဒိုင်သို့ ဥစိုက်ကြက်သွန်နီများ ကုန်ချိန် တစ်သောင်းခွဲ ဝန်းကျင်ခန့် စတင်ဝင်ရောက်လျက်ရှိပြီး ဥစိုက်ကြက်သွန်နီအသစ် ဈေးနှုန်းအနေဖြင့် အမြင့်ဆုံးဈေး တစ်ပိဿာလျှင် ၆၀၀ ကျပ် ဝန်းကျင်ရှိပြီး အနိမ့်ဆုံးဈေး ၃၀၀ ကျပ် ဝန်းကျင်အထိ ရရှိကြောင်း၊ နှစ်ဟောင်းလက်ကျန် ကြက်သွန်နီဆိုလျှင် တစ်ပိဿာ ၁၀၀ ကျပ် မှ ၃၀ဝ ကျပ် ဝန်းကျင်အထိသာ ဈေးရရှိသည့်အတွက် ကြက်သွန်နီအသစ်ဥစိုက် စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများအတွက် လက်ရှိကာလ ပေါက်ဈေးကွက်ဖြင့် အဆင်ပြေကြောင်း ကြက်သွန်နီကုန်သည်များနှင့် တောင်သူများထံမှ သိရသည်။
ကိုဇွဲ(အညာမြေ)