အောင်လံ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးဌာနမှ ဦးစီးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပျဉ်းပင်လှကျေးရွာ မိုးကောင်း ကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီး က ကျေးလက်နေ ပြည်သူများ လူမှုဘဝမြင့်မားစေရန်၊ ဆင်းရဲမှုလျှော့ချရေးနှင့် မိသားစုဝင်ငွေ တိုးပွားစေရန်၊ အသက်မွေးဝမ်းကြောင်း အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ(၂၀)ဦးတက်ရောက်ပြီး သင်တန်း၌ သစ်သီးယိုမျိုးစုံနှင့် သစ်သီးဖျော်ရည်မျိုးစုံ ပြုလုပ်နည်းကို သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တ(၁)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)