မြိတ် ဇန်နဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ပိုမိုအဆင်ပြေစွာ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ပရဟိတအသင်းအဖွဲ့များ၊ ပြည်သူလူထုများနှင့် စေတနာရှင် အလှူရှင်များ စုပေါင်း ပြီး ဝယ်ယူထားရှိသည့် လူနာတင်ယာဉ်တစ်စီးကို ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနသို့ လှူဒါန်းခဲ့ကြသည်။
“ယခုလို လူနာတင်ယာဉ်တစ်စီး ထပ်မံရရှိတဲ့အတွက် အထူးဝမ်းမြောက်ကြောင်း ပြောလိုပါတယ်။ မူလ ကတည်းက တတ်နိုင်သ၍ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်တဲ့နေရာမှာ နေ့ည အချိန်အခါမရွေး အင်ပြည့် အားပြည့် ဆောင်ရွက်ပေးနေပါတယ်။ ယခုလို လူနာတင်ယာဉ် နောက်ထပ် တစ်စီးရရှိတဲ့အတွက် ပိုပြီးစွမ်းဆောင်နိုင်မှာ ဖြစ်တယ်။ ပိုမိုပြီးစွမ်းဆောင်သွားမှာဖြစ်တယ်။ မြိတ်မြို့ ပြည်သူလူထုအားလုံးရဲ့ လိုအပ်တဲ့အခက်အခဲတွေကို ခါတိုင်းထက် ဆထက်တပိုး ကြိုးပမ်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟု မြိတ်ခရိုင်မီးသတ် ဦးစီးဌာနမှူးက ပြောသည်။
မြိတ်ခရိုင်မီးသတ်ဦးစီးဌာနတွင် ဌာနပိုင်လူနာတင်ယာဉ်တစ်စီးရှိပြီး ယာဉ်မတော်တဆဖြစ်ပွားမှုများတွင် လူနာများ သယ်ဆောင်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူမှုရေးကူညီမှုလုပ်ငန်းများ၌ နေ့စဉ်အသုံးပြုလျက်ရှိကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်နေ့လျှင်(၃)ကြိမ်မှ (၇)ကြိမ်အထိ အသုံးပြုလျက်ရှိသည့်အတွက် ပြည်သူလူထုမှ လုပ်ငန်းများပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ဖို့ စေတနာရှင်များ စုပေါင်းပြီး လူနာတင်ယာဉ်တစ်စီးကို လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူနာတင်ယာဉ်ကို ပါရမီနာရေးကူညီမှုအသင်း၊ ကရုဏာနာရေးကူညီမှုအသင်း၊ ချမ်းမြေ့နာရေး ကူညီမှုအသင်း၊ နှလုံးလှဖောင်ဒေးရှင်းနှင့် စေတနာရှင်ပြည်သူများ စုပေါင်းပြီး ဝယ်ယူလှူဒါန်းခြင်းဖြစ်ကာ လူနာတင်ယာဉ်နှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများကို စေတနာရှင်များက လွှဲပြောင်းလှူဒါန်းပေးအပ်ခဲ့ကြရာ ခရိုင်မီးသတ် ဦးစီးဌာနမှူး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။ ထို့အတူ မြိတ်ခရိုင်မီးသတ် ဦးစီးဌာနတွင် မြို့မိမြို့ဖများ နှင့် စေတနာရှင်များ လှူဒါန်းထားသည့် အထပ်မြင့်မီးငြှိမ်းသတ်ယာဉ်တွင် လိုအပ်လျက်ရှိသည့် ဘထ္ထရီ(၂)လုံးနှင့် ပြုပြင်မွမ်းမံ ကုန်ကျစရိတ်များ လှူဒါန်းပေးကြသည့် စေတနာရှင်များအား ခရိုင်မီးသတ် ဦးစီးဌာနမှူးက ဂုဏ်ပြု မှတ်တမ်းပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)