ကန်ကြီးထောင့် ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ Daedong လယ်ယာသုံးစက် ကရိယာမောင်းနှင်ထွန်ယက် သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃နာရီ ၃၀ မိနစ် အချိန်က တောင်သူ ဦးနေစိုး၏ လယ်ယာမြေ အတွင်း၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူ များနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးအတွက် ထွန်စက်ကြီးများ အသုံးပြုရပြီး ယခုသမဝါယမမှ ရောင်းချသော Daedong ထွန်စက်များမှာ မြင်းကောင်ရေအလိုက် ဈေးနှုန်းသက်သာပြီး ယခင်ကဈေးထက် ၄၀ရာခိုင်နှုန်း လျော့ချရောင်းချ ပေးခြင်းဖြစ်ကြောင်း၊ စက်စွမ်းရည်မှာ မျက်မြင်အတိုင်း ကောင်းမွန်လျက်ရှိသည်ကို တွေ့ရှိရ ကြောင်း၊ နောက်ဆက်တွဲ ဆက်စပ်ပစ္စည်းများမှာလည်း မိမိတို့ဒေသတွင်ရှိသည့် စက်များဖြင့် တွဲသုံး၍ရကြောင်း၊ တောင်သူများအနေဖြင့် ဝယ်ယူသုံးစွဲသင့်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှူး ဦးဌေးမြင့်အောင်နှင့် တိုင်းသမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးစောအင်ဒရူးပန်းတို့မှ တောင်သူများထံသို့ Daedong လယ်ယာသုံးစက် ကရိယာများ ရောင်းချပေးနေမှုများနှင့် ဝန်ဆောင်မှုပေးမည့် အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဒေသခံတောင်သူများက စက်ကရိယာ များနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် လယ်ယာသုံးစက်ကရိယာ ထွန်ယက်သရုပ်ပြပွဲသို့ တက်ရောက်လာ ကြသောဒေသခံတောင်သူများ၏ကိုယ်စား တောင်သူဒေါ်အေးအေးမင်းက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ Daedong ထွန်စက်များအား တောင်သူဦးကြီးများ အဆင်ပြေသက်သာစေရန်အတွက် ယခင်စျေးနှုန်းထက် ၄၀ ရာခိုင်နှုန်း လျှော့ချရောင်းချပေးသည့်အပြင် ၄ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိပြီး ရောင်းချပေးသည့် ထွန်စက်အမျိုးအစား ၆ မျိုးရှိကြောင်း သိရှိရကာ စိတ်ပါဝင်စားသူ တောင်သူဦးကြီးများအနေဖြင့် ပုသိမ်မြို့ သမဝါယမသင်တန်းကျောင်းတွင် သွားရောက်ကြည့်ရှုနိုင်ပြီး တိုင်းသမဝါယမအသင်းစုချုပ်ရုံးနှင့် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)