ကျွန်းလှ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ကြာတကန်ကျေးရွာ ကွင်းအမှတ် ၄၉၀ ၊ တောင်သူဦးမောင်ငြိမ်း၏ ယာမြေ ၅ ဧကတွင် ယနေ့ နံနက် ၈ နာရီက (နဝဒေး-၄)မျိုး ကြံအထူးအထွက်တိုး စံပြကွက်စိုက်ပျိုးကြောင်း သိရသည်။
“ကြံသီးနှံ စိုက်ပျိုးရာတွင် မိုးကောင်းသောက်ဒေသ ဖြစ်သည့်အတွက် ရာသီဥတုနှင့် သင့်တော်သည့် ကြံမျိုးကို မြေအစိုဓာတ်ရှိချိန် စိုက်ပျိုးရကြောင်း၊ အထူးအထွက်တိုးစိုက်နည်း စနစ်စိုက်ပျိုးခြင်းဖြင့် လေဝင်လေထွက်ကောင်းခြင်း၊ နေရောင်ခြည် ရရှိမှုကောင်းခြင်း၊ ပိုးမွှားကျရောက်မှုမရှိခြင်း၊ ရေငတ်ဒဏ်ခံခြင်း၊ အထွက်နှုန်းကောင်းခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ရှင်းလင်းပြောကြားပြီး လက်တွေ့စိုက်ပျိုးပြသခဲ့ကြသည်။
ကျွန်းလှမြို့နယ်တွင် ယာမြေ ၄၈၀၀ ဧကကျော်ရှိပြီး ကြံသီးနှံ ၂၅၀၀ ဧက စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ