နတ်တလင်း ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် နတ်သျှင်ရွှေဂူ၏ "အနာဂတ်ကို မျှော်တွေးပါ" စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာအုပ်စာပေမှ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများကို ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက အသီးသီး ဖတ်ကြ၍ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် ပြည်သူများ ဗဟုသုတတိုးပွားရရှိပြီး စာပေတန်ဖိုးကို သိရှိနားလည်စေမှာ ဖြစ်ကြောင်းနှင့် စာအုပ်ပါ အကြောင်းအရာများသည် အသိပညာဗဟုသုတများ ရရှိပြီး ဆောင်ရန်၊ရှောင်ရန်များကို နားလည်သဘောပေါက်မှာဖြစ်ကြောင်း စာပေချစ်မြတ်နိုးသူ တစ်ဦးထံမှ သိရသည်။ မြို့နယ်ပြန်/ဆက် ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်း အပြင်ပြည်သူစာကြည့်တိုက်ရှိ သုတ၊ရသ စာစောင်မျိုးစုံတို့ကို စာဖတ်သူပရိသတ်များအား အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်း(ပြန်/ဆက်)