ဖြူး ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်း ဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင် ဖြစ်ကြောင်း၊ ယခုအခါတွင်ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာကာ အာဆီယံနိုင်ငံ တစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေး သတိပြု ကြရမည်ဖြစ်ကြောင်း သို့သော်လည်း ကြောက်စရာမဟုတ်ပဲ မိဘပြည်သူများ အနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ခြင်း၊ လက်ကိုစနစ်တကျမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် စည်းမျဉ်း၊ စည်းကမ်းများအား ဆက်လက်လိုက်နာကျင့်သုံးသွားကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရ သည်။
ဖြူးမြို့နယ်တွင် ဇန်နဝါရီလ(၆)ရက်နေ့ ညပိုင်းအထိ ကိုဗစ်၁၉ရောဂါပိုးကူးစက်ခံရသူမရှိသောကြောင့် စုစုပေါင်း အတည်ပြု လူနာ(၁၃၇၀)ဦး၊ သေဆုံးသူမှာ (၈၇)ဦး ဆေးရုံလက်ကျန် မရှိတော့ပဲ ဆေးရုံမှ ဆင်းသူဦးရေ(၁၂၆၃)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
နေမျိုးလွင်