လှိုင်းဘွဲ ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံကျေးရွာ၌ ထုံးဖုတ်လုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေဖြင့် ပြည်တွင်း စျေးကွက်၌ ထုံးအိတ်များတင်ပို့ရောင်းချရမှု အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ထုံးဖိုလုပ်ငန်းများကို ကြီးကြပ်ပေးရသူ ကိုအောင်ကြီးက ထုံးဖို (၁) ဖိုလျှင် ထုံးကျောက် ၈ ကျင်းဖို၊ ၉ ကျင်းဖိုစသည့် ကျင်းများရှိကြောင်း၊ ထုံးကျောက်များကို ထုံးမှုန့် ဖြစ်လာစေရန် အတွက် မြေကျင်၌ (၅) ရက်ခန့် မီးဖုတ်ပေးရကြောင်း၊ လေဝင်၊ လေထွက်မရှိစေရန် မြေအုတ်၊ ရွံ့စေးများဖြင့် လုံအောင် ပိတ်ရကြောင်း၊ ထုံးဖိုတစ်ဖိုလျှင် လူ (၈) ဦး၏ လုပ်အား လိုအပ်ပါကြောင်း ရှင်းပြပေးသည်။
ထုံးဖိုပိုင်ရှင်များက ထုံးတွေကို ရန်ကုန်က ထုံးကုန်သည်တွေအဓိက မှာယူကြကြောင်း၊ ရန်ကုန်ကနေတစ်ဆင့် ဧရာဝတီတိုင်းနှင့် အခြားတိုင်းဒေသတွေကို တင်ပို့ကြောင်း၊ ငါးကန်၊ ပုဇွန်ကန်များဆေးရာတွင် ထုံးကိုအသုံးပြုကြရကြောင်း၊ လယ်မြေနှင့် ဥယျာဉ်ခြံမြေများတွင် မြေအချဉ် ဓာတ်လွန်ကဲမှုရှိလျှင် ထုံးမှုန့်ထည့်၍ မြေပြင်ခြင်းအတွက်အသုံးကြကြောင်း၊ ကြက်ခြံ၊ ဝက်ခြံနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများမှ တိရိစ္ဆာန် မစင်အညစ်အကြေး ပိုးမွှားများ သေစေရန်အတွက် ထုံးကို ဝယ်ယူအသုံးပြုကြရကြောင်း၊ ထုံးဖုတ်ရာတွင် ထင်းဝယ်ယူခြင်းကိစ္စများအတွက် အခက်အခဲအနည်းငယ် ရှိကြပါကြောင်း ထုံးဖိုပိုင်ရှင်များ က ရှင်းပြသည်။
လင်းသန့်(ပြန်/ဆက်)