ပြည်တက္ကသိုလ်စတင်ဖွင့်လှစ် သင်ကြားရေးနှင့် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိ

ပြည် ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပြည်တက္ကသိုလ်အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းအပ်နှံခြင်းများလက်ခံ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပြည်တက္ကသိုလ်စတင်ဖွင့်လှစ်ရာ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ စတုတ္ထနှစ်မှကျန်ရှိနေသည့် (ဒုတိယနှစ်ဝက်)အတန်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာတန်း(ပထမနှစ်)နှင့် (ဒုတိယနှစ်)အတန်းများအား ဖွင့်လှစ်ခြင်းဖြစ်ပြီး ဘာသာရပ်အစုံမေဂျာ(၁၄)ခု ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် စာသင်ချိန်အား ဘာသာရပ်အလိုက် နံနက် ၉ နာရီမှ စတင်၍ ပုံမှန်စာသင်ချိန်အတိုင်း သင်ကြားပို့ချဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနမှ (မော်ကွန်းထိန်း) ဦးတင်ထွေး ကပြောသည်။

ကျောင်းသား/ကျောင်းသူများအား  လက်ဆေးရည်၊ Hand Gel နှင့် နှာခေါင်းစည်း mask များ တပ်ဆင်အသုံးပြု၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်ပြုမူသွားလာရန် ညွှန်ကြား ထားပြီးဖြစ်ကြောင်း၊ တက္ကသိုလ်၌ကျောင်းသား/ ကျောင်းသူများအား အဆောင်များခွဲခြားထားရှိကာ ကျောင်းသားများအား နဝဒေးအဆောင်တွင် သီးသန့်ထားရှိမည် ဖြစ်ကြောင်းနှင့် ကျောင်းသူများ အနက် (စတုတ္ထနှစ်)မဟာအရည် အချင်းစစ်သင်တန်း ကျောင်းသူများအား သန္တာဆောင်၌ လည်းကောင်း၊ တတိယနှစ်(ဂုဏ်ထူးတန်း)နှင့် မဟာတန်း(ပထမနှစ်၊ ဒုတိယနှစ်) ကျောင်းသူများအား ရတနာဆောင် ၌လည်းကောင်း ကိုဗစ်-၁၉စည်းကမ်းကမ်းချက်များနှင့်အညီ ထားရှိမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားပြီး လက်ရှိပြည်တက္ကသိုလ်တွင် အဆိုပါ အတန်းများမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၉၆)ဦးရှိကြောင်း ပြည်တက္ကသိုလ်မှ သိရသည်။

ကိုဆက်(ပြန်/ဆက်)