ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ

ဟင်္သာတ  ဇန်နဝါရီ   ၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ဟင်္သာတမြို့နယ် ကျုံတွမ်ကျေးရွာအုပ်စု ရွှေဘုံသာတန်ဆောင်း၌ ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့​သည်။

အခမ်းအနားတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ဟင်္သာတခရိုင် ဦးစီးမှူး  ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဝေက “လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူ များအတွက်မူလဒေသတွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေး ခြင်း၊ ကတ်ပြား ပျောက်ဆုံး/ပျက်စီးမှု မရှိစေရေး၊ စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၃၂)ကတ်ကို  ကျုံတွမ်ကျေးရွာအုပ်စုအတွင်းမှ ပြည်သူများထံ လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက် ကာလအတွင်း ဟင်္သာတမြို့နယ်တွင် (၁၁၆၀၄) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးရန် လျာထားခဲ့ပြီး ယနေ့အထိ အိမ်ထောင်စုပေါင်း (၃၅၃၆) စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအား (၁၁၈၄၇) ဦးအထိ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ  ကျန်ရှိနေ သေးသော ပြည်သူများကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်ထံမှ သိရှိရသည်။

ကိုဇော် (ဟင်္သာတ)