လှိုင်းဘွဲ ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ ဘာသာနှင့် ပိုးကရင်ဘာသာစကားတို့ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်း အများပြည်သူများသိရှိနိုင်စေရန်အတွက် ရပ်ကွက်များအတွင်းအသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှည့်လည်အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ အနေဖြင့် မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါ ပိုးကူးစက်ခံရ သည်ဟု သံသယရှိပါက အိမ်တွင်ကြိတ်ပြီး ဆေးကုသမှုမျိုးမပြုလုပ်ရန်၊ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အနေဖြင့် ကိုယ်စီ လိုက်နာ ကြပြီး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြပါရန်နှင့် မိမိနှင့်မိမိတို့ မိသားစုဝင်များ အတွက်မဖြစ်မနေ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံကြရန်၊ ဆေးထိုးစုရပ်များနှင့် ဆေးထိုးရမည့် နေ့ရက်များကိုအသိပညာပေး ဆောင်ရွက်ခြင်းနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron) အကြောင်း အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)