ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron ) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကော့ကရိတ်  ဇန်နဝါရီ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီ ခရွန်ရောဂါ  ကြိုတင်ကာကွယ်ရေးကို  ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက် ယနေ့နံနက် (၉)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ သို့အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး‌ နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီဖြစ်သည့် အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်ကြရန်၊ လူအများနှင့်ထိတွေ့ ဆက်ဆံပါကမျက်နှာကာ(Faceshield)ကို တွဲဖက်တပ်ဆင်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ တစ်ခုခုကို ကိုင်တွယ်မိတိုင်းလက်ကိုစက္ကန့် ၂၀ကြာအောင် စနစ်တကျ ဆေးကြောရန်၊ကိုဗစ်၁၉ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြရန် စသည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)