လေးမျက်နှာမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်

လေးမျက်နှာ   ဇန်နဝါရီ    ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် (၉) နာရီက လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါပိုးများကို သတိပြု ကြိုတင်ကာကွယ်နိုင်စေရေးအတွက်  အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင် ဆစ်ကွေးနှင့်အုပ်၍ ဆိုးကြရန်၊ မိမိတို့၏ နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ တတ်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရန် စသည့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)