လေးမျက်နှာ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လတာကာလ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ ကျေးရွာတွင်းလမ်းများအား ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ (လက်ထောက်ညွှန်ကြားရေးမှူး)မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှုတိုးတက်လာစေရန် ရည်ရွယ်၍ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ထောက်ပံ့ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာသူ ကျေးရွာသားများ ဦးဆောင်မှုဖြင့် ကျေးရွာ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ကျေးရွာလျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ ဆောင်ရွက် လျက်ရှိရာ ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို ကညင်သောင်ကျေးရွာအုပ်စု မြစ်ကျိူးကျေး ရွာ၊သိမ်ကုန်းကျေးရွာအုပ်စု ဒေါင့်ကြီးကျေးရွာ၊ ကြီးပေါက်ကုန်းကျေးရွာအုပ်စု ဆီဆုံကုန်းကျေးရွာ၊ လှော်ကထားကျေးရွာအုပ်စု ကြို့ကုန်း ကျေးရွာနှင့်လယ်ဦးစုကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာ၏လိုအပ်ချက်ဖြင့်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နိုင်ငံတော်မတည်ငွေ ကျပ်(၁၀)သန်းနှင့် ကျေးရွာသူကျေးရွာသားများ၏ ထည့်ဝင်ငွေတို့ဖြင့် သိမ်ကုန်းကျေးရွာအုပ်စု ဒေါင့်ကြီးကျေးရွာတွင် အရှည်ပေ ၁၀၀၀ ၊ အကျယ် ၆ ပေ၊ ထု ၇ လက်မနှင့် ကညင်သောင်ကျေးရွာအုပ်စု မြစ်ကျိူးကျေးရွာ၊ ကြီးပေါက်ကုန်းကျေးရွာအုပ်စု ဆီဆုံကုန်းကျေးရွာ၊ လှော်ကထားကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာနှင့် လယ်ဦးစုကျေးရွာများတွင် အရှည်ပေ ၈၆၀ အကျယ်၃ပေ၊ ထု၇လက်မ ကွန်ကရစ်ဘေး လမ်း(နှစ်လမ်းသွယ်) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းအားလုံး၏ (၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ကျေးရွာနေပြည်သူများအတွက် အဆင်ပြေမည်ဖြစ်ကာ လယ်ယာထွက်ကုန်များ စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)