ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး ကယား၊ မြန်မာနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ရှားတော ဇန်နဝါရီ ၆

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပိုမိုသိရှိလိုက်နာနိုင်ရန်ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ ညနေ (၄)နာရီအချိန်၌ တောင်းပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရှားတောမြို့နယ်အတွင်း နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှ လာသော ဧည့်သည်များလက်မခံပါရန်၊ လိုအပ်၍ ပြင်ပကိုထွက်ခွာသွားလာပါက ပါးစပ် နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်းဈေးဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ တစ်စုံတစ်ရာထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ပါးစပ် နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ အသိပေးညွှန်ကြားချက်များကို မိဘပြည်သူများအနေဖြင့် တိကျစွာလိုက်နာဆောင်ရွက်ကြရန် လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။

မြို့နယ်(ပြန်/ဆက်)