ဘားအံ ဇန်နဝါရီ ၆
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံရေးအနှစ်သာ ရရှိရှိဖြင့် ထူးခြားခမ်းနားပြီး စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး စီမံခန့်ခွဲမှု ဦးစီးကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီတို့၏ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးစီးကော်မတီနှင အထောက်အကူပြု လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီး လုပ်ငန်း တာဝန်များကို ခွဲဝေပေးထားပြီး ဖြစ်ကြောင်း၊ စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက်(၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရရှိရှိဖြင့် ထူးခြားခမ်းနားပြီး စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာဆိုသည့် စိတ်ဓါတ်ကိန်းဝပ်နေစေရန်အတွက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားမှတစ်ဆင့် တိုက်တွန်းနှိုးဆော် ဖော်ထုတ်ပြသနိုင်ရေး အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိန်ရတု ပြည်ထောင်စုနေ့နှင့် စပ်လျဉ်းသည့် အစည်းအဝေးများ၊ အမျိုးသားရေးဦးတည်ချက်၊ ဆောင်ပုဒ်၊ မြေစိုက်ပိုစတာ၊ ပို့စကတ်၊ တံဆိပ်ခေါင်းများနှင့် အခမ်းအနားများတွင် စိန်ရတုပြည်ထောင်စုနေ့ဟု တစ်ပြေးညီသုံးစွဲရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေး ဆွေးနွေးတင်ပြခဲ့ကြပြီး အထောက်အကူပြုလုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို ဘားအံမြို့၊ သီရိကွင်းတွင် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျကျင်းပသွားမည်ဖြစ်ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မာရသွန် အပြေးပြိုင်ပွဲများ၊ စက်ဘီးစီးပြိုင်ပွဲများ၊ ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲများအစရှိသည့် အားကစားပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ တိုင်းရင်းသားအစားအစာ ဈေးရောင်းပွဲ တော်များ၊ ဖျော်ဖြေရေးအစီအစဉ်များအနေဖြင့် တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင်မှုပြပွဲများ၊ စိန်ရတု ပြည်ထောင်စုနေ့ကို ဖော်ညွှန်းသည့် ပဒေသာအကအလှများ၊ ပြည်ထောင်စု စိတ်ဓါတ်ကိန်းဝပ်နေစေဖို့ ကရင်၊ ဗမာ၊ ရခိုင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း အစရှိသည့် တိုင်းရင်းသားပြခန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဌာနဆိုင်ရာများ၏ ဒေသဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်မှုပြခန်းများနှင့် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲတို့ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကာ ယခင်နှစ်များနှင့်မတူ ထူးခြားခမ်းနားပြီး စည်ကား သိုက်မြိုက် စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်တွင်ကြီးကျယ်ခန်းနားစွာကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ကရင်ပြည်နယ်မှ အလှပြယာဉ်များ သွားရောက်ပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းရိုးရာ အစဉ်အလာများနှင့် အထင်ကရနေရာများကို ပေါ်လွင်စေမည့် အလှပြယာဉ်ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက အလှပြယာဉ် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)