တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ထားဝယ်မြို့၊ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်    ဇန်နဝါရီ    ၆

ထားဝယ်မြို့၊ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက အဝေးပြေးယာဉ်ရပ်နား စခန်းတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၅ ခုနှစ်ကတည်း က တည်ဆောက်ရန် ရည်ရွယ်ထား ပြီးအကြောင်းအမျိုးမျိုးကြောင့် အချိန်နှောင်းနှေးကြန့်ကြာခဲ့ရကြောင်း၊ အဝေးပြေးယာဉ်ရပ်နား စခန်းသည် ထားဝယ်ဒေသအတွက် အမှန်တကယ် လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပြီးကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ အဝေးပြေးယာဉ်ရပ်နားစခန်းသည် စည်ပင်သာယာနယ်နမိတ်မှာရှိသည့်အတွက် ရပ်နားစခန်းအတွင်းရှိသော အဆောက်အဦ တည်ဆောက်သည့်နေရာတွင် လွယ်ကူနိုင်ကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း တည်ဆောက်ရေးစခန်းအား ထိရောက်စွာလုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်သည့် အတွက် အကောင်းဆုံးကြိုးစားပြီး ဆောင်ရွက်ရမှာဖြစ်သလို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးအနက်ထား၍ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းအတွင်း ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် ခန့်ရွှေပြည်ကုမ္ပဏီလီမိတက်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 တိုင်းဒေသကြီး(ပြန်/ဆက်)