ပခုက္ကူ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင်နှစ်ခုဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းဧက(၈၀၂)ကျော် ရိတ်သိမ်းပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ပခုက္ကူမြို့နယ်တွင် ယခုနှစ်မိုးရာသီ ဆင်းသုခစပါး မျိုးစေ့ထုတ် စိုက်ခင်း(၁၂၂၂)ဧက စိုက်ပျိုးထားရာ လက်ရှိအချိန်ထိ ကြီးရွာလျှပ်စစ်မြစ်ရေတင်မှ စိုက်ခင်း(၅၃၅)ဧက၊ ရွှေတန့်တစ် လျှပ်စစ်မြစ်ရေတင်မှစိုက်ခင်း(၂၆၇)ဧက၊ စုစုပေါင်းဆင်းသုခ မိုးစပါးစိုက်ခင်း (၈၀၂)ဧက ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးဆင်းသုခ (R.S) မျိုးစပါးနှင့် စိုက်ပျိုးရေးဆိုင်ရာ သွင်းအာစုများ ကူညီထောက်ပံ့ခြင်း လုပ်ငန်းများ ပြုလုပ်သည့်အပြင် စိုက်ပျိုးရာသီကာလအတွင်း စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးနှင့် အရည်အသွေး မှန်ကန်ကောင်းမွန်သည့် စပါးမျိုးများထွက်ရှိစေရေး တို့အတွက် ခရိုင်မျိုးစေ့ လုပ်ငန်းအဖွဲ့က လက်တွေ့ကွင်း သရုပ်ပြခြင်းနှင့် အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပခုက္ကူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးစန်းလွင်ထံက သိရသည်။
ထို့အပြင် ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာမှ တောင်သူ ဦးမိုးကျော်က “နှစ်စဉ်ကြီးရွာ မြစ်ရေတင်ဖြင့် နွေ၊ မိုး၊ ဆောင်း စပါးစိုက်ပျိုးလုပ်ကိုင်ပါတယ်၊ ယခုနှစ်မိုးစပါးကို စိုက်ပျိုးရေး ဦးစီးဌာနက ထောက်ပံ့တဲ့ ဆင်းသုခ(R.S)မျိုးစပါး(၇)ဧက စိုက်ပျိုး လုပ်ကိုင်ပါတယ်၊ အရင်းအနှီးအနေနဲ့တစ်ဧကမှာ စိုက်ပျိုးစရိတ်ငွေကျပ် ၅၅၀၀၀၊ မျိုးနှုတ်ခငွေကျပ် ၅၀၀၀၀၊ ဓာတ်မြေဩဇာ ထည့်စရိတ် ငွေကျပ် ၂၄၀၀၀၀၊ စပါးရိတ်သိမ်းစက်ဖြင့် ရိတ်သိမ်းခြွေလှေ့ စရိတ်ငွေကျပ် ၅၅၀၀၀၊ မြစ်ရေတင်မှ ရေသွင်းအသုံးပြု ခ ငွေကျပ်၆၀၀၀ စီဖြင့် အသီးသီး ကုန်ကျပါတယ်၊ ယခုနှစ်မှာ တစ်ဧကလျှင် အစို ၁၂ ဒသမ ၀၅ တင်း၊ အခြောက် ၁၁၁ ဒသမ ၂၉တင်းနှုန်းစီ ထွက်ရှိပါတယ်၊ အရင်မိုးစပါးမှာတော့ တစ်ဧကမှာ ၈၅တင်း ထွက်ရှိပြီး တစ်တင်းကို ငွေကျပ် ၆၈၀၀ နဲ့ ရောင်းရ တာကြောင့် စုစုပေါင်းအမြတ်ငွေ နှစ်သိန်းကျော် ရရှိခဲ့ပါတယ်" ဟု ပြောပြသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)