မြိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရန် နှင့် ကာကွယ်ဆေးထိုးနှံကြရန် အသိပညာပေးလိုက်လံနှိုးဆော်

မြိုင်     ဇန်နဝါရီလ       ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ မြို့ပေါ် ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်  အိုမီခရွန် ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံကြရန် မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ
အရှိန် အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အဆိုပါအသိပညာ‌ပေးခြင်းလုပ်ငန်းများကို မြို့နယ် စီမံအုပ်‌ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကိုဗစ်-၁၉ရောဂါ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့ များ ပူးပေါင်း၍ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် နှင့် ကူးစက်မှု လျှော့ချနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များ၊ အပြင်သို့ ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြ ရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စက္ကန့်(၂၀)ခန့် စနစ်တကျ ဆေးကြောရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုသွေးချို၊ နှလုံးရောဂါအခံ ရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက် အန္တရာယ်ထိခိုက် နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်များခွဲ၍ ထိုးနှံပေးလျှက်ရှိပြီး ပြည်သူများ လာရောက် ထိုးနှံကြရန် တို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်းသိရ သည်။

သူရ(ပုံ‌တောင်)