ထန်းတပင်(ပဲခူး)ဇန်နဝါရီ ၆
ပြည်သူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် လူငယ်နဲ့အခွင့်အလမ်းစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဒေါ်သဇင်က စာဖတ်ဝိုင်း ဆောင်ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများ ကိုလစဉ်ပုံမှန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး Book Club အဖွဲ့ဝင် ဦးအောင်ဇင်မျိုးက လူငယ်နဲ့အခွင့်အလမ်း ကံ၊ ကံရဲ့ အကျိုးနှင့် လူ့တန်ဖိုး၊ အဖွဲ့ဝင် ဒေါ်တင်အေးက သက်ကြီးစကား၊ အဆိုးနဲ့အကောင်း အဖွဲ့ဝင် ဒေါ်ဌေးစုလှိုင်က အောင်မြင်မှုရယူခြင်းစသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိ လိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)