ဖောင်းပြင်မြို့နယ်၌ ခရမ်းချဉ်သီးများ ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများ မိသားစု ဝင်ငွေပိုမိုရရှိ

ဖောင်းပြင် ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ယားပင်းကျေးရွာတွင် တောင်သူဦးညိုလင်းမှ ခရမ်းချဉ် (လိုရာ ၉၀၉)မျိုးကို အပင်အရေအတွက်(၇၀၀၀) စိုက်ပျိုးခဲ့ရာ အသီးများ ဆွတ်ခူးရောင်းချချိန်တွင် တစ် ပိဿာလျှင် (၂၀၀၀)ကျပ်မှ (၂၂၅၀)ကျပ် ဖောက်သည်ဈေးဖြင့် ရောင်းချနေရသဖြင့် မိသားစုဝင်ငွေပိုမို ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခရမ်းချဉ်ပင်များကို အပင်ခြား ၁ပေ၊ တန်းခြား ၄ပေစိုက်ပျိုးပြီး  အပင်အရေအတွက် ၇၀၀၀ စိုက်ပျိုးထားရှိရာ ကုန်ကျမှုစရိတ်အနေဖြင့် (၁၀)သိန်းခန့်ရှိပြီး တစ်ကြိမ်ဆွတ်ခူးလျှင် ပိဿာချိန်(၈၀၀)မှ (၉၀၀) ဝန်းကျင်ဆွတ်ခူးရရှိ၍ တစ်ကြိမ်ဆွတ်ခူးရာတွင် ငွေကျပ်(၁၆)သိန်းမှ (၁၈)သိန်းဝန်းကျင်တွင် ရရှိကြောင်း၊ အပင်များအားပြုစုပေးမှုအေပါ် မူတည်၍ အသီးများစတင် ဆွတ်ခူးရချိန်မှ ၃လဝန်းကျင်အထိ အသီးများ ဆွတ်ခူးနိုင်ကြောင်း၊ ခရမ်းချဉ်သီးများကို ဖောင်းပြင်မြို့နယ်အတွင်းသာမက ဟုမ္မလင်းမြို့နှင့် နန့်တော၊ နောင်ပိုအောင် ကျေးရွာများသို့ပင် တင်ပို့ရောင်းချ ပေးလျက်ရှိကြောင်း တောင်သူ ဦးညိုလင်း က ပြောပြသည်။

ခရမ်းချဉ်သီး ရောင်းချရသောဈေးနှုန်းသည် မြို့မစည်ပင်သာယာဈေးတွင် တစ်ပိဿာ (၂၅၀၀) ဈေးနှုန်းရှိပြီး မုံရွာမြို့မှ တင်ပို့လာသည့် ခရမ်းချဉ်သီးများ ရောက်ရှိလာသော်လည်း ဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)