ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ရာသီဥတုနှင့် သဘာဝရေမြေ အခြေအနေအရ သံပုရာပင်များ စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိုးဧကပေါင်း တစ်သောင်းကျော်ခန့်ရှိပြီး တစ်နှစ်လျင် မိုးရာသီနှင့်နွေရာသီတွင် နှစ်ကြိမ်ခန့် နှစ်စဉ် သံပုရာသီးများ များစွာထွက်ရှိသည့် မြို့နယ်တစ်မြို့ဖြစ်ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ယခင်နှစ်များစွာကပင် သံပုရာ ပင်အား စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ ကုန်စည်သယ်ဆောင် ခက်ခဲမှုနှင့် ဈေးနှုန်းရရှိမှုအပေါ်မူတည်၍ စိုက်ပျိုးထုတ်လုပ်မှုနည်းပါးခဲ့ပြီး ယခုအခါ၌ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ပြီး ကုန်စည်သယ်ဆောင်မှု လွယ်ကူလာခြင်း ဈေးနှုန်းများ ကောင်းမွန် လာခြင်းကြောင့် သံပုရာပင်စိုက်ပျိုးထုတ်လုပ်မှု ယခင်နှစ်များထက် များပြားလာကြောင်း သိရသည်။
အဆိုပါ သံပုရာသီးပင်များ စိုက်ပျိုးထုတ်လုပ်မှု များပြားလာသော်လည်း အသီးများစွာ သီးလေ့ရှိ သည့် မိုးရာသီကာလ၌ နှစ်စဉ်နှစ်တိုင်း သံပုရာသီးဈေးနှုန်းမှာ တစ်လုံးလျင် ငွေကျပ်(၄)ကျပ် မှ (၅) ကျပ်အထိသာရပြီး နွေရာသီယခုအချိန်၌ အသီးအနှံအရောင်းအဝယ်ဒိုင်တွင် သံပုရာသီးတစ်လုံးလျှင် ငွေကျပ် (၇၅) ကျပ်မှ (၈၀) ကျပ်အထိရရှိပြီး လက်လီလက်ကားရောင်းချရာ၌ တစ်လုံးလျင် ငွေကျပ် (၁၀၀) ကျပ်အထိ ရရှိလျက်ရှိပြီး သံပုရာခြံရှင် တောင်သူများအနေဖြင့် ဝင်ငွေများတိုးပွားရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်မှ သံပုရာသီးများကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရန်ကုန်မြို့နှင့် အခြားသောမြို့များသို့ သွားရောက်ရောင်းချခြင်းနှင့် လာရောက် ဝယ်ယူမှုများလည်း ရှိကြောင်း သိရသည်။
မျိုးမင်းဦး