ပခုက္ကူမြို့၌ ဂျပန်စကားပြော(အခြေခံ)သင်တန်းဖွင့်လှစ်သင်ကြားပေး

ပခုက္ကူ  ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပါရမီရိပ်သာကျောင်းတိုက်၊ ဝိသာခါခန်းမ၌ ဂျပန်စကားပြော(အခြေခံ)သင်တန်းကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁ရက်မှစတင်ပြီး အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေး လျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား (၇၄)ဦး၊ သင်တန်း သူ (၅၉)ဦး၊ စုစုပေါင်းသင်တန်းသား၊သူ (၁၃၃)ဦး တက် ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလကုန် အထိဖြစ်ကြောင်း၊ သင်တန်းနည်းပြ ဆရာမ(၇)ဦးရှိပြီး မြန်မာ-ဂျပန်အသိအမှတ်ပြုသင်ရိုးစာအုပ်(Japanese N5 Level-1)တွင် ပါဝင်သည့် Vocabulary, Grammar, Reading စသော ဂျပန်စာလုံးရေး ပုံရေးနည်း၊ အသံထွက်စကားပြောဆိုနည်းနှင့် နေ့စဉ်သုံးဂျပန် စကားပြော ဘာသာရပ်များကို   စာတွေ့လက်တွေ့စနစ်တကျ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သင်တန်းနည်းပြဆရာမ မညမ်းက ပြောပြသည်။  

ဂျပန်စကားပြော(အခြေခံ) သင်တန်းတက်ရောက်သူများမှာ ပခုက္ကူမြို့နယ်အတွင်းက လူငယ်လူရွယ်များပြားပြီး သင်တန်းစရိတ်နှင့် စားစရိတ် အခမဲ့စီစဉ်ပေးကြောင်း၊ ကျောင်းအိပ်၊ကျောင်းစားစနစ်ဖြင့် တက်ရောက်သင်ယူသည့် သင်တန်း သားများလည်းရှိကြောင်း၊ မိခင်ဘာသာစကားအပြင် နိုင်ငံခြားဘာသာစကားတစ်မျိုးမျိုးသင်ယူတတ်မြောက်ခြင်းဖြင့် အရည် အချင်း ပိုမိုပြည့်ဝလာစေရန်၊  အလုပ်အကိုင် အခွင့်အလမ်း များရရှိစေရန်နှင့်ထိုပညာရပ်များအား နောင်မျိုးဆက်သစ်လူငယ်များ ထံ လက်ဆင့်ကမ်းပညာသင်ကြားပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သူများ၏ စိတ်ကြည်လင် လန်းဆန်းစေရန်နှင့် ကောင်းမွန်မှန်ကန်သော စိတ်ဓာတ်များဖြစ်ပေါ်စေရန်တို့အတွက် မနက်သင်တန်းမစတင်မီ နှင့်ညနေသင်တန်းပြီးချိန်တို့တွင် တရားတော်များ နာယူကြည်ညို မှတ်သားစေခြင်း၊ တရားထိုင်စေခြင်းအလုပ်များကိုလည်း နေ့စဉ်လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း၊ ဒေသအကျိုးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုနိုင်မည့် သင်တန်းများ အခမဲ့ ဆက်လက်ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် ကျောင်းဝင်းအတွင်း သင်တန်းခန်းမဆောင်များ ဆောက် လုပ်ဆဲဖြစ်ကြောင်း၊ ပခုက္ကူမြို့၊ တိလောကရာမ၊ပါရမီရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသက မိန့်ကြားသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)