ကော့သောင်း သြဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်မှု ပိုမိုထိရောက်စေရေး ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကိုဗစ် − ၁၉ ရောဂါ လုံးဝကူးစက်ပြန့်ပွါးမှု မရှိစေရေးအတွက် အဆိုပါဆိုင်များအနေ ဖြင့် မိမိတို့ဆိုင်သို့လာရောက်စားသောက်မည့်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်ထားရှိပေးခြင်း၊ စားသောက်စားပွဲများ အား Physical distancing ခင်းကျင်းထားရှိခြင်း၊ စားပွဲများတွင်း Partation ကော်ကြည်ပြား၊ ပလပ်စတစ် များခွဲခြားထားရှိခြင်း၊ ဆိုင်အားလေဝင်လေထွက် ကောင်းမွန်စေရန်စီစဉ်ထားရှိခြင်း၊ အစားအသောက်ပြင်ဆင်ရာ အခန်းအား ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် ပြင်ဆင်ထားခြင်း၊ ဆိုင်ဝန်ထမ်းများအား လိုအပ်သည့်ကာကွယ်ရေးအသုံးအဆောင် Mask၊ Face shield နှင့် လက်အိတ်များဝတ်ဆင်ထားခြင်း၊ ကိုဗစ် − ၁၉ ရောဂါ အသိပညာပေး ပိုစတာများ ချိတ်ဆွဲ ထားခြင်း၊ ငွေရှင်းကောင်တာအား ညွန်ကြားချက်များနှင့်အညီ ပြင်ဆင်ထားရှိခြင်း၊ လိုအပ်ပါက စားသုံးသူများအား Mask များ ရောင်းချပေးနိုင်ရန် စီစဉ်ထားခြင်း၊ ဆိုင်ဝန်ထမ်း အိပ်ဆောင် များအား တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာစီစဉ်ထားခြင်း စသည့်ညွန်ကြားချက် များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
ကော့သောင်းမြို့ပေါ်ရပ်ကွက်များအတွင်း စည်ပင်သာယာရေးအဖွဲ့၏ စာရင်းအရ လက်ဘက်ရည်ဆိုင်အပါအဝင်အိမ်ဆိုင်များနှင့် အခြားအစားအသောက် ရောင်းချသည့် ဆိုင်ပေါင်း ၂၅၃ ဆိုင်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အစားအသောက်များ ဖွင့်လှစ်ရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ညီညွတ်မှုရှိစေရေးနှင့် တစ်ကျော့ပြန်လည် ပြည်တွင်းကူးစက်မှု ဖြစ်ပွားလာနေသည့် ကိုဗစ် - ၁၉ ရောဂါ ထိရောက်စွာထိန်းချုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)