ကဝ ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ခနီးကျေးရွာနှင့် ပိုင်ကျုံကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ခနီးကျေးရွာနှင့် ပိုင်ကျုံကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွနေရာ များတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့်စိုးရိမ်ရသည့် မျိုးကွဲသစ်ဖြစ်သည့်အတွက် ကဝမြို့နယ်အတွင်း ဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏နေအိမ် အတွင်းမှာသာနေထိုင်ကြပါရန်၊ လူစုလူဝေးကို ရှောင်ကြဉ် ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ရန်၊ အခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေကြပါရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်းများ၊ စကားပြောဆိုခြင်းများ ရှောင်ကြဉ်ကြပါရန်၊ ပစ္စည်း တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းများမပြုလုပ်ရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကိုရှောင်ပါ၊ မိမိတို့၏ နေအိမ်များကို ပြတင်းတံခါးများ ဖွင့်ထားပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြပါရန် စသည့်လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေ ရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)