ကော့ကရိတ် ဇန်နဝါရီ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေးကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက်ယနေ့ နံနက် (၈) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည်မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Faceshield) ကို တွဲဖက်တပ်ဆင်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ တစ်ခုခုကို ကိုင်တွယ်မိတိုင်း လက်ကိုစက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်နှင့် ကိုဗစ် - ၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြရန် စသည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန် / ဆက်)