ကော့သောင်း ဇန်နဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇ ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီက မြို့ပေါ်ရပ်ကွက်များအနှံ့ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင်ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် တားဆီးနိုင်ရေး သတိပြုကြရမည် ဖြစ်သော်လည်း ကြောက်စရာမဟုတ် ပါကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် လိုက်လံအသိ ပညာပေး နှိုးဆော်ခဲ့ကြခြင်းဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် တာဝန်ရှိအဖွဲ့အစည်းများပူးပေါင်းကာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နေ လူဦးရေ၏ ၅၀% ကျော်ခန့်ကို ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ပြီးဖြစ်သော်လည်း ယနေ့ ကမ္ဘာ့နိုင်ငံတစ်ချို့တွင် ကူးစက်မှုဖြစ်ပွားစပြုလာနေသည့် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ မိမိတို့မြို့နယ်အတွင်းသို့ ကူးစက်မှု မဖြစ်ပွားစေရန်နှင့် မြို့နေပြည်သူများ သတိပြုဆင်ခြင်နိုင်ကြစေရန် အသိပေးနှိုးဆော်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)