ပြင်စလူ ဇန်နဝါရီလ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများအား ပြင်စလူမြို့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးစီးမှူး ဦးအောင်မိုးဇော်နှင့် ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က ရပ်ကွက်များအတွင်းရှိ ပြည်ထောင်စုလမ်းမကြီး၊ ကမ်းနားလမ်း၊ ကုမုဒြာလမ်း၊ ဘုရားလမ်းတို့၌ အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး နှိုးဆော်ရာတွင် ပြင်စလူမြို့ရှိ ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် ဝန်အားများသော ကန့်သတ်ပိတ်ပင်ထားသည့်မီးပူ၊ပေါင်းအိုး၊ရေနွေးအိုး အစရှိသည့်လျှပ်စစ်ပစ္စည်းများ သုံးစွဲလာမှုကြောင့် ဓာတ်အားမကြာခဏပြတ်တောက်လျက်ရှိသည့်အတွက် ဝန်အားများသည့် လျှပ်စစ် ပစ္စည်းများသုံးစွဲမှုမပြုကြရန်၊စာဖတ်စားပွဲ၌ စာဖတ်မီး၊စားပွဲတင်မီးအသုံးပြုခြင်းဖြင့် လုံလောက်သော အလင်းရောင်ရရှိမည့်နည်းကိုသုံးခြင်းဖြင့်လျှပ်စစ်ကိုချွေတာပါ၊အခွေဖွင့် စက်သုံး၍တီဗွီဖြင့် သီချင်းခွေများ အချိန်ပြည့်ဖွင့်ထားခြင်းကို ဆင်ခြင်ပေးခြင်းဖြင့်လျှပ်စစ်ကိုချွေတာပါ၊လူရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ပန်ကာများကို ဆက်တိုက်ဖွင့်ထားခြင်းက မီတာခ ပိုကျစေပါ၍အသုံးလိုမှဖွင့်ပါ အစရှိသည့် လျှပ်စစ် ဓာတ်အားချွေတာသုံးစွဲရေးနည်းလမ်းများကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
သတင်းပေးပို့သူ
ဇော်ဝင်းထွန်း