မကွေး ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မကွေးမြို့၊ မြို့တော် ခန်းမတွင်း ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်အနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့် အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်တဲ့ အခမ်းအနားကတော့ ပုံမှန်ကျင်းပသည့် အခမ်းအနားနှင့်မတူဘဲ တိုင်းဒေသကြီး၏ ဂုဏ်ထူးဆောင်လက်မှတ်များနဲ့ ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားဖြစ်သည့်အတွက် ထူးခြားလေးနက်သည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် လက်မှတ်များ၊ ဆုတံဆိပ်များ သမိုင်းမှာ နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သော မြန်မာမင်းများ လက်ထက်မှ နိုင်ငံတော်အစိုးရအဆက်ဆက်တို့သည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား သက်စွန့်ကြိုးပမ်း ကာကွယ်စောင့်ရှောက်သူများ၊ စိုက်ပျိုးရေး၊ လူမှုရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ထူးချွန်သူများ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူများ၊ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သူများ၊ သာသနာရေးကို အားပေးဆောင်ရွက်သော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ကြပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ညီညွတ်ရေးအတွက် ကောင်းမြတ်သော အစဉ်အလာတစ်ခုဖြစ်ကာ ဆက်လက် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ယနေ့မိမိ တို့နိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီ(၁၄)ရက် နေ့တွင် မကွေးတိုင်းဒေသကြီး၏ လွှတ်တော်နည်းဥပဒေအမှတ် (၁၅၅)ဖြင့် ထုတ်ပြန်ခဲ့သော ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေအရ တိုင်းဒေသကြီးအတွင်း အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ဘက်စုံထောင့်စုံမှ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ပေးရမည်ဖြစ်ကာ ယခု ၂၀၂၂ခုနှစ် အတွက် ဂုဏ်ထူးဆောင် ပစ္စည်းများ ချီးမြှင့်ခံရသူများက ကြည့်ပါက တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၃၉)ဆု၊ စီမံခန့််ခွဲရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၁)ဆု၊ စိုက်ပျိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင် ဆု(၅)ဆု၊ မွေးမြူရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၁)ဆု၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင် ဆု(၂၀)ဆု၊ စက်မှုလက်မှုရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၁)ဆု၊ လူမှုရေးဆိုင်ရာ ဂုဏ်ထူးဆောင် ဆု(၄၅)ဆု၊ ကျန်းမာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၁၁)ဆု၊ အားကစားဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၈)ဆု၊ ဘာသာသာသနာဆိုင်ရာ ဂုဏ်ထူးဆောင် ဆု(၁)ဆု၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၁)ဆု၊ စံပြထူးချွန်ဆု(၁)ဆု စုစုပေါင်း(၁၃၄)ဆုချီးမြှင့် အပ်နှင်းသွားမည်ဖြစ်ကြောင်းနှင့် ဂုဏ်ပြုချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုခြင်းဖြစ်ကာ မိမိတို့တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ရမည့် ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း အရှိန်အဟုန်မပျက် ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွားကြစေလို ကြောင်းပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုမှ ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုများ ရရှိသူများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ဗီဒီယိုကလစ်ဖြင့်ပြသကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုများ ရရှိသူများအား ဆုများ အပ်နှင်းချီးမြှင့်ပြီးနောက် မကွေးမြို့ အ.ထ.က ကျောင်းများမှ ကျောင်းသား/သူများက ထာဝရသစ္စာတေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုနှင့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ထူးချွန်ဆုရရှိသူများအား ဆုများအပ်နှင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီးအတွင်းရှိ ပညာရေးကောလိပ် ဆရာ/ဆရာမများမှ ပြည်မြန်မာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းက ဘာသာ၊ သာသနာဆိုင်ရာထူးချွန်ဆု၊ ယဉ်ကျေးမှုဆိုင်ရာထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု ရရှိသူများအား ဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက ကျန်းမာရေးဆိုင်ရာ ထူးချွန်ဆုနှင့်စိုက်ပျိုးရေးဆိုင်ရာ ထူးချွန်ဆုရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းဝင်းမြင့်က ကျန်းမာရေးဆိုင်ရာ ထူးချွန်ဆု၊ စိုက်ပျိုးရေး ဆိုင်ရာထူးချွန်ဆုနှင့် အားကစားဆိုင်ရာ ထူးချွန်ဆုရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်က အားကစားဆိုင်ရာထူးချွန်ဆု၊ မွေးမြူရေး ဆိုင်ရာထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာ ထူးချွန်ဆုရရှိသူများအား ဆုများအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရသွင်ကိုကို၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်တို့က လူမှုရေးဆိုင်ရာ ထူးချွန်ဆို ရရှိသူများအားလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် အခမ်းအနားတွင် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့သည့် အဖွဲ့များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)