ရွှေကျင် ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပဒဲကောကျေးရွာအတွင်းရှိ လမ်းဆုံ လမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်/ဆောင်းဘောက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ သည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့်စိုးရိမ်ရ သည့် မျိုးကွဲသစ်ဖြစ်သည့် အတွက် ရွှေကျင်မြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမိမိတို့၏ နေအိမ်အတွင်းမှာသာ နေထိုင်ကြပါရန်၊ လူစုလူဝေးကိုရှောင်ကြဉ်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်၊ လက်ကိုမကြာခဏ ဆေးကြောသန့်စင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေကြပါရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်းများ စကား ပြောဆိုခြင်းများ ရှောင်ကြဉ်ကြပါရန်၊ ပစ္စည်းတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စေ့တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း ထိတွေ့ခြင်းများမပြုလုပ်ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကိုရှောင်ရန်၊ မိမိတို့၏နေအိမ်များကို ပြတင်းတံခါး များဖွင့်ထားပြီး လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ကြပါရန်၊ စသည့် လိုက်နာရမည့်အချက် များ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အသံချဲ့စက်/ ဆောင်းဘောက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)